Moethaukkye Library Burmese Volunteer Group

Tuesday
Sep 07th
Text size
  • Increase font size
  • Default font size
  • Decrease font size
Home ဆောင်းပါး ကဏ္ဍစုံဆောင်းပါး ၂၀၁၀စိန်ခေါ်မှုများနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

၂၀၁၀စိန်ခေါ်မှုများနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

E-mail Print PDF

 

“…သူနဲ့ဒေါ်စုတို့ သက်ရှိထင်ရှားရှိနေတုန်း ယခုအချိန်မှာ သူတို့နှစ်ဦး ပူးပေါင်းဆောင်ရွက်လိုက်ကြရင် မြန်မာပြည်မှာ ဘယ်ခေတ် ဘယ်အခါနဲ့မှ မတူတဲ့ ညီညွှတ်မှုတစ်ခုကို အရယူနိုင်တယ်…”

၂၀၀၉ခုနှစ်ရဲ့ ရက်တွေလတွေ တရွေ့ရွေ့တိုက်စားလို့ ခရစ်နှစ် ၂၀၁၀ဆိုတာကို ချဉ်းကပ်လို့နေပါပြီ။ မြန်မာ့နိုင်ငံရေး ၂၀၁၀ ပန်းချီကားလည်း တဖြည်းဖြည်း ပီပီပြင်ပြင်ဖြစ်လို့ လာနေပါပြီ။ အချို့ နိုင်ငံရေး အကဲံခပ်သမားများကတော့ နိုင်ငံအရေး ဆွေးနွေးစရာ အခင်းအကျင်း အသစ်တွေ ပေါ်ထွက်လာတော့မယ်။ နိုင်ငံရေးပါတီများအတွက် ပြောရေးဆိုခွင့်တွေ ပိုမိုရရှိလာတော့မယ် စသည်ဖြင့် အကောင်းမြင် အတွေးများလည်း ရှိနေသလို အချို့ကလည်း ပေါ်ထွက်လာမည့် နိုင်ငံရေးစနစ်သစ်ဟာ မြန်မာပြည်အတွက် စစ်အုပ်ချုပ်ရေးကို တရားဝင် အသက်သွင်းတဲ့ စနစ်ပါလို့ ဆိုကြပြန်ပါတယ်။ ဒီတော့ ၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲအပြီး နိုင်ငံရေးအခင်းအကျင်းအသစ်က ယူဆောင်လာနိုင်တဲ့ စိန်ခေါ်မှုအသစ်တွေနဲ့ ပါတ်သက်လို့ Scenario လေးတစ်ခု ဖန်တီးပြီး တွေးကြည့်ကြရအောင်။



***…..***

၂၀၁၀ပြည်ထောင်စုလွှတ်တော်

၂၀၁၀ ပြည့်နှစ်အလွန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ ပြည်ထောင်စုလွှတ်တော်ထဲက မြင်ကွင်းတစ်ခုပေါ့။ ပြည်ထောင်စုလွှတ်တော် နာယကရဲ့ ရှေ့မှောက်မှာ ရွေးကောက်ပွဲ တင်မြှောက်ခံ လွှတ်တော်အမတ်တစ်ဦးက ပြည်ထောင်စုအစိုးရ တင်ပြလာတဲ့ နှစ်စဉ် အရအသုံး ခန့်မှန်းခြေ ငွေစာရင်းကို အတည်ပြုပေးရမယ့် ကိစ္စအတွက် အရေးပါတဲ့ အစီရင်ခံစာတစ်ခုကို တင်သွင်းနေပါတယ်။ လွှတ်တော်အတွင်းက လူထုကိုယ်စားလှယ်၊ တပ်မတော် ကိုယ်စားလှယ်များလည်း နားအစွင့်သားနဲ့ စိတ်ဝင်တစား နားထောင်နေကြပါတယ်။ အစီရင်ခံစာတင်သွင်းတဲ့ ကိုယ်စားလှယ်က ဘာတွေတင်ပြနေသလဲဆိုတော့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်း အစိုးရ အသုံးစရိတ်များကို လေ့လာတဲ့အခါမှာ ကာကွယ်ရေးကဏ္ဍအတွက် အသုံးစရိတ်ဟာ နှစ်စဉ် အစိုးရအသုံးစရိတ် စုစုပေါင်းရဲ့ ၄၀% မှ ၅၀% အတွင်း ရှိနေတာကို လေ့လာတွေ့ရှိရပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် ကာလတစ်လျှောက်လုံး ကျန်းမာရေးကဏ္ဍနဲ့ပါတ်သက်လို့ အစိုးရရဲ့ နှစ်စဉ်အသုံးစရိတ် စုစုပေါင်းရဲ့ ၁% မှ ၂% အတွင်းသာ ရှိခဲ့ပါတယ်။

အဲဒီအသုံးစရိတ်ဟာ ကျန်းမာရေးကဏ္ဍမှာ အသုံးပြုရမယ့် ပမာဏရဲ့ ၁၀% မှ ၁၈% နဲ့သာညီမျှခဲ့ပြီး အသုံးပြုမှုကို လေ့လာတဲ့အခါမှာလည်း ဆေးရုံ၊ ဆေးခန်းများ ဆောက်လုပ်ခြင်း စတဲ့ အခြေခံအဆောက်အဦး ဖွံ့ဖြိုးရေးအပိုင်းမှာ အားလုံးနီးပါးသုံးခဲ့တာဖြစ်ကြောင်း ထပ်တွေ့ရပါတယ်။

ဒါကြောင့် လိုအပ်နေတဲ့ ၈၂% မှ ၉၀% သော ကျန်းမာရေးကဏ္ဍ အသုံးစရိတ်တွေအတွက် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှု အကူအညီပေးရေး အဖွဲ့အစည်းများနဲ့ လူထုရဲ့ ကိုယ်ပိုင်စုဆောင်းငွေးများ အပေါ်မှာသာ အမှီပြု ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ ဒီငွေများနဲ့ လိုအပ်နေတဲ့ ဆေးရုံးဆေးခန်းများအတွက် လူထုကျန်းမာရေး ကုသမှုအသုံးစရိတ်၊ ကာကွယ်ဆေးထိုးလုပ်ငန်းလို လူထုကျန်းမာရေး မြှင့်တင်မှုလုပ်ငန်းများအတွက် အသုံးစရိတ်၊ HIV/AIDS နဲ့ တီဘီရောဂါ စီမံချက်များလို ရောဂါဘေး ကာကွယ်တားဆီးမှု လုပ်ငန်းများ အသုံးစရိတ်၊ ဆေးသုတေသန လုပ်ငန်းများအတွက် အသုံးစရိတ်နဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ အသုံးစရိတ်များကို အထောက်အပံ့ ပေးနေခဲ့ရပါတယ်။

ကျန်းမာရေးကဏ္ဍ အသုံးစရိတ်များ ပြည်ပ အထောက်အပံ့ကို အထူးမှီခိုနေရတဲ့အတွက် ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေလို လုပ်ငန်းတွေမှာ ဆောင်ရွက်သင့်သလောက် မဆောင်ရွက်နိုင်တဲ့အပြင် ၂၀၀၅ခုနှစ်မှာ Global Fund အဖွဲ့ရဲ့ ထောက်ပံ့မှုဖြတ်တောက်ခံရစဉ်က ပြည်သူ့ကျန်းမာရေးမှာ အဓိကပြဿနာကြီး (၃)ခုဖြစ်တဲ့ HIV/AIDS၊ တီဘီနဲ့ ငှက်ဖျားရောဂါ ကွယ်ကွယ်တားဆီးရေး လုပ်ငန်းများအတွက် အထူးစိုးရိမ်စရာ အခြေအနေများ ကြုံတွေ့ခဲ့ရတာ အားလုံးသိကြမှာ ဖြစ်ပါတယ်။

ယခု ပြည်ထောင်စုအစိုးရက တင်ပြလာတဲ့ အရသုံးမျိုး ခန့်မှန်းခြေငွေစာရင်းကို လေ့လာကြည့်ရမှာ ယခင် အနှစ်(၂၀) ကာလရဲ့ လျာထားသုံးစွဲမှုပုံစံအတိုင်း ပြန်ဖြစ်နေတာ တွေ့ရပါတယ်။

ကျန်းမာရေးဟာ လူထုအတွက် အခြေခံလိုအပ်ချက်တစ်ခု ဖြစ်တာကြောင့် ယခု ပြည်ထောင်စုအစိုးရရဲ့ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းမှာ ကာကွယ်ရေးကဏ္ဍ အသုံးစရိတ် သတ်မှတ်မှုကို နဲနဲလျှော့ကာ ၃၀%သာထားပြီး ကျန်းမာရေးကဏ္ဍအတွက် ၁၀% သက်မှတ်မယ်ဆိုရင် လက်ရှိကျန်းမာရေးကဏ္ဍ အသုံးစရိတ်များအတွက် အတော်ပြည့်စုံသွားစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ပအထောက်အပံ့များကို ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့နေရာများမှာ ရယူအသုံးချသွားနိုင်ကြောင်း ကျန်းမာတဲ့မိသားစုဘဝကို ပိုမိုပိုင်ဆိုင်လာကြတဲ့ နိုင်ငံသားများအနေနဲ့ မိသားစုစုဆောင်းငွေ ပိုရှိလာကြမယ်။ စုဆောင်းငွေကို အခြားလိုအပ်တဲ့ ကဏ္ဍတွေမှာ ပိုသုံးလာနိုင်ကြမယ်ဆိုရင် တိုင်းပြည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေမှာ ဖြစ်ပါတယ်” စသည်ဖြင့် ကျန်းမာရေးကဏ္ဍနဲ့ တိုင်းပြည်တစ်ခုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုပါ ဆက်စပ်ကာတင်ပြရင်း ကျန်းမာရေးကဏ္ဍအတွက် အသုံးစရိတ် ပိုမိုလျာထားဖို့ စည်းရုံးပြောဆိုသွားပါတယ်။

ဒီတင်ပြမှုအပြီးမှာ ပြည်ထောင်စုလွှတ်တော် နာယကမှ အထွေထွေ ဆွေးနွေးဖို့သက်မှတ်ထားတဲ့ အစီအစဉ်အတိုင်း လမ်းဖွင့်ပေးလိုက်ပါတယ်။ ထောက်ခံဆွေးနွေးသူ အတော်များပါတယ်။ ကြည့်လိုက်တော့လည်း လူထုက ရွေးကောက်တင်မြောက်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ကြတာကို တွေ့ရပါတယ်။ ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်စေလွှတ်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကတော့ “လူထုရဲ့ ကျန်းမာရေးအခြေအနေ ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့၊ နိုင်ငံတော် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ တင်ပြဆွေးနွေးသွားတာဖြစ်လို့ ဂုဏ်ယူပါကြောင်း၊ လေးစားပါကြောင်း ဒါပေမယ့် ကိုယ်စားလှယ်ကြီးများကို အသိပေးလိုတဲ့ အချက်ရှိပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အခန်း(၁)၊ ပုဒ်မ(၂၀)၊ အပိုဒ်(ခ)မှာ တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့် ရှိသည်လို့ ဖော်ပြထားကြောင်း၊ ယခုကိုယ်စားလှယ်ကြီး တင်ပြလာတဲ့ကိစ္စဟာ ဒီအချက်နဲ့ငြိနေကြောင်း၊ ဝိုင်းဝန်းစဉ်းစားကြဖို့ လိုကြောင်း” စသည်ဖြင့် ဆွေးနွေးသွားပြန်ပါတယ်။

တပ်မတော်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များမှ နှစ်ဦးကလည်း ဒီအချက်ကို ထောက်ခံဆွေးနွေး သွားပြန်ပါတယ်။ ကျန်တဲ့တပ်မတော် ကိုယ်စားလှယ်များကတော့ ငြိမ်ချက်သားကောင်းနေကြပါတယ်။ စီးပွားရေးလုပ်ငန်းတွေ နောက်ခံရှိကြတဲ့ လုပ်ငန်းရှင် လွှတ်တော်ကိုယ်စားလှယ်ကြီးများကတော့ တပ်မတော် ကိုယ်စားလှယ်ကြီးများနဲ့ ထိပ်တိုက်မတွေ့လိုတဲ့သဘော ရေငုံနှုတ်ပိတ်ကာ ဘာမှတ်ချက်မှ မပေးကြပါဘူး။ ဆွေးနွေးချိန်သာ ကုန်သွားပါတယ်။ နိုင်ငံတော်သမ္မတကတဆင့် ပြည်ထောင်စုအစိုးရက တင်ပြလာတဲ့ နှစ်စဉ် အရအသုံး ခန့်မှန်းခြေ ငွေစာရင်းကို ဆုံးဖြတ်ပေးနိုင်ဖို့အရေး တိကျတဲ့အဖြေတစ်ခု ထွက်မလာတဲ့အတွက် အဆုံးမှာတော့ ပြည်ထောင်စုလွှတ်တော် နာယကကြီးက ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၄)၊ ပုဒ်မ၈၆(က)ပါ အချက်အရ ပြည်ထောင်စုလွှတ်တော်မှာ ဆန္ဒမဲပေး ဆုံးဖြတ်ကြဖို့ ကြေညာလိုက်ပါတော့တယ်။

“…လုပ်ငန်းရှင် လွှတ်တော်ကိုယ်စားလှယ်ကြီးများကတော့ တပ်မတော် ကိုယ်စားလှယ်ကြီးများနဲ့ ထိပ်တိုက်မတွေ့လိုတဲ့သဘော ရေငုံနှုတ်ပိတ်ကာ ဘာမှတ်ချက်မှ မပေးကြပါဘူး…”

လူထုရွေးကောက် တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ် (၄၉၈)ဦးနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်စေလွှတ်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ် (၁၆၆)ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် (၆၆၄)ဦး ရှိတဲ့ နိုင်ငံတော်ရဲ့ ဥပဒေပြုအာဏာအရာမှာ အမြင်ဆုံးအဆင့်ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ကြီးက အခြေခံဥပဒေ အခန်း(၄)၊ အပိုဒ်၁၀၃(င)မှာ ဖေါ်ပြ ပေးအပ်ထားတဲ့ အခွင့်အာဏာကို အသုံးပြုပြီး ပြည်ထောင်စုအစိုးရရဲ့ နှစ်စဉ် အရအသုံး ခန့်မှန်းခြေငွေစာရင်းမှာ ကျန်းမာရေးအသုံးစရိတ်ကို နဂိုတင်ပြစဉ်အတိုင်း ၂%ထားမှာလား၊ ကာကွယ်ရေး အသုံးစရိတ်ကိုလျော့ပြီး ကျန်းမာရေးစရိတ်ကို ၁၀%ထားမှာလားဆိုတာ မဲခွဲဆုံးဖြတ်လိုက်တဲ့အခါမှာ လွှတ်တော် ကိုယ်စားလှယ်များရဲ့ ၇၈%က ကျန်းမာရေးစရိတ်ကို ၁၀%ထားဖို့ သဘောတူတဲ့အဖြေတစ်ခု ထွက်လာပါတော့တယ်။ ပေါ်ထွက်လာတဲ့ ထောက်ခံမှု ရာခိုင်နှုန်းကိုကြည့်ရင် တပ်မတော် ကိုယ်စားလှယ်အချို့လည်း ထောက်ခံမှုမှာပါဝင်ကြောင်း အထင်အရှားသိနိုင်တာမို့ လူထုက ရွေးချယ်တင်မြောက်ပေးလိုက်တဲ့ ကိုယ်စားလှယ်များ အတွင်းမှာ အထူးကို ဝမ်းသာကြေနပ် ပီတိဖြစ်နေကြတာပေါ့။

Defult ခလုပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်

အဲဒီပီတိတွေ ကြာကြာမခံလိုက်ပါဘူး။ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်၊ အတည်ပြုချက် ရေးသားပြင်ဆင်နေချိန်မှာ ကာကွယ်ရေး ဦစီးချုပ်ထံမှ လွှတ်တော် နာယကကြီးထံ စာတစ်စောင် ဝင်လာပါတယ်။ ယခုအတည်ပြုချက် တောင်းခံထားတဲ့ အစိုးရရဲ့ အရအသုံး ခန့်မှန်းခြေငွေစာရင်းမှာ ကာကွယ်ရေးကဏ္ဍ အသုံးစားရိတ်ကို လျော့လိုက်ရင် တပ်မတော်အတွက် စီစဉ်ဆောင်ရွက်ရန် ပြင်ဆင်ထားသည့် လုပ်ငန်းများမှာ ထိခိုက်နှောင့်နှေး သွားစေမှာဖြစ်ပြီး အခြေခံဥပဒေရဲ့ အခန်း(၁)၊ ပုဒ်မ၂၀ အပိုဒ်(ခ)တွင် ဖော်ပြထားချက်နဲ့လည်း မကိုက်ညီရာလည်း ရောက်ကြောင်း၊ ဒီအတွက်ကြောင့် ကာကွယ်ရေးကဏ္ဍ အသုံးစရိတ် လျော့ချခြင်းကို လက်မခံနိုင်ပါကြောင်းနဲ့ ကျန်းမာရေးကဏ္ဍအတွက် လိုအပ်ချက်ကို အခြားနည်းလမ်းများနဲ့ လွှတ်တော်မှာ အဖြေရှာကြရန် ရေးသားထားပါတယ်။ နောက်ရက်အနည်းငယ်အကြာမှာ ပြည်ထောင်စုလွှတ်တော် နာယကကြီးထံ ကာကွယ်ရေးဦစီးချုပ်ထံမှ စာတစ်စောင် ထပ်ဝင်လာပါတယ်။ ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်စေလွှတ်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်များအနက်မှ (၁၀)ဦးကို ပြောင်းလဲတာဝန်ပေးအပ်တဲ့ အကြောင်းပါ။

***……***

ဇာတ်လမ်းကတော့ ဒီမျှသာဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖတ်ပြီးတဲ့နောက် မြင်ယောင်မိတဲ့ အတွေးမြင်ကွင်း တစ်ခုပါ။ ပြည်ထောင်စုလွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်တစ်ခုကို ဆွဲထုတ်လို့ တွေးမိတာဖြစ်ပါတယ်။ အင်မတန် အရေးကြီးတဲ့ ဖွဲ့စည်းပုံဆိုင်ရာ အကြောင်းအရာတွေသာ တွေးမိရင် ဒီ Scenario ထဲမှာ မအောင်မြင်တဲ့ အဆိုပြုမှုတွေ၊ အဆိုပြုမှု အောင်မြင်သော်လည်း ရှုံးနိမ့်သွားတဲ့ မဲခွဲဆုံးဖြတ်မှုတွေ၊ မဲခွဲဆုံးဖြတ်မှု အောင်မြင်သော်လည်း အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့ လူထုဆန္ဒခံယူပွဲတွေ၊ လူထုဆန္ဒခံယူပွဲ အောင်မြင်သော်လည်း ကာကွယ်ရေးဦးစီးချုပ်ရဲ့ အာဏာသိမ်းမှုတွေနဲ့ စာမျက်နှာ အတော်စားသွားပါလိမ့်မယ်။ ထူးခြားတာတစ်ခုတော့ မြင်သာထင်သာ ဖြစ်လာပါလိမ့်မယ်။ ၂၀၀၈ခုနှစ် အခြေခံဥပဒေ အာဏာတည်ပြီးတဲ့နောက်ပိုင်း စစ်တပ်က အာဏာသိမ်းမှုများဟာ အခြေခံဥပဒေပါ အခွင့်အာဏာအရ လုပ်တဲ့ အာဏာသိမ်းမှုများ ဖြစ်လာမှာကြောင့် ယနေ့ခေတ် နဝတ၊ နအဖ တို့လို ကြုံတွေ့နေရတဲ့ တရားဝင်မှု Legitimacy ပြဿနာမျိုး အဲဒီခေတ် စစ်အစိုးရတွေ ရင်ဆိုင်စရာ မရှိနိုင်တော့ပါ။ ဒီအတွက်ကြောင့် အတိုက်အခံများက စင်ပြိုင်အစိုးရဖွဲ့စည်းတာ၊ ကုလသမဂ္ဂ ကိုယ်စားလှယ်ကို ကန့်ကွက်ဖယ်ရှားဖို့ ကြိုးစားတာတွေဟာ နောင်လာမည့် နိုင်ငံရေးစင်မြင့်မှာ မြင်တွေ့စရာမရှိတော့ပါဘူး။

“…စစ်တပ်က အာဏာသိမ်းမှုများဟာ အခြေခံဥပဒေပါ အခွင့်အာဏာအရလုပ်တဲ့ အာဏာသိမ်းမှုများ ဖြစ်လာမှာကြောင့် ယနေ့ခေတ် နဝတ၊နအဖ တို့လို ကြုံတွေ့နေရတဲ့ တရားဝင်မှု Legitimacy ပြဿနာမျိုး အဲဒီခေတ် စစ်အစိုးရတွေ ရင်ဆိုင်စရာ မရှိနိုင်တော့ပါ…”

ဒီအတွေးထဲက ရလိုက်တဲ့ သင်ခန်းစာက အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ကာကွယ်ရေးဦးစီးချုပ်အတွက် Defult ခလုပ်လေးတွေက တင်ထားတာ တွေ့လိုက်ရပါတယ်။ ကွန်ပြူတာသုံးနေရင်းနဲ့ setting တွေ မကြိုက်တော့ဘူးဆိုရင် နဂိုစက်ရုံထုတ် setting အတိုင်းပြန်ဖြစ်သွားအောင် လုပ်ပေးတဲ့ ခလုပ်လေးတွေလိုပေါ့။

ရင်နင့်စရာဖြတ်သန်းမှုတစ်ခု

တကယ်တော့ အဲဒီ Defult ခလုပ်များ၊ တနည်းအားဖြင့် လူထုကိုယ်စားလှယ်များရဲ့ ဆန္ဒ မည်သို့ပင်ဖြစ်စေ ကာကွယ်ရေး ဦးစီးချုပ်ဆိုသူ လူတစ်ဦးရဲ့ ဆန္ဒအတိုင်းဖြစ်စေဖို့ စီမံထားတဲ့ ဖွဲ့စည်းပုံဥပဒေပါ အချက်များကို အတိုက်အခံ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပက ဒီမိုကရေစီအရေး လှုပ်ရှားသူများ အားလုံးက သတိပြုမိကြလို့ ၂၀၀၈ လူထု ဆန္ဒခံယူပွဲမှာ ဆန္ဒမဲသွားမပေးကြဖို့၊ ကန့်ကွက်မဲပေးကြဖို့ ဆော်သြခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီဖွဲ့စည်းပုံ ဥပဒေနဲ့ပါတ်သက်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ၂၀၀၈ခုနှစ်၊ မတ်လအတွင်းမှာ အချက်(၅)ချက်ပါတဲ့ အဆိုပြုချက် တစ်ရပ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးခဲ့ပါသေးတယ်။ သူ့ရဲ့ အထူးသံတမန် ဂမ်ဘာရီအတွက် မြန်မာပြည်မှာ ရုံးစိုက်ဆောင်ရွက်ခွင့်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့၊ တိတိကျကျဖော်ပြထားတဲ့ အချိန်ဘောင်တစ်ခုအတွင်းမှာ ဒေါ်စုနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ တွေ့ဆုံဆွေးနွေးဖို့ အခြေခံဥပဒေမူကြမ်း ရေးဆွဲမှုကို NLD အပါအဝင် ၂၀၀၄ခုနှစ် အမျိုးသားညီလာခံမှာ မပါဝင်နိုင်ခဲ့ကြတဲ့ တိုင်းရင်းသား ခေါင်းဆောင်များနဲ့အတူ ပြန်လည်သုံးသပ်ရေးဆွဲဖို့ စီးပွားရေး၊ လူမှုရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းများ ဆွေးနွေးနိုင်ရေးအတွက် အမျိုးသားစီးပွားရေး ဖိုရမ်တစ်ခု တည်ထောင်ဖို့ စတဲ့အချက် (၅)ချက်ဖြစ်ပါတယ်။ န အ ဖ က ဒီအဆိုပြုချက်များ အားလုံးကို လက်မခံခဲ့ပါဘူး။ လူထုဆန္ဒခံယူပွဲကို နည်းမျိုးစုံနဲ့ အထမြောက်အောင် လုပ်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို အတည်ပြုဖြစ်သွားအောင် ဆောင်ရွက်ခဲ့တာအားလုံး သိပြီးဖြစ်ပါတယ်။

NLD ဟာ နအဖက အခြေခံဥပဒေ ရေးဆွဲဖို့ စီစဉ်ပေးခဲ့တဲ့ ၁၉၉၃ခုနှစ် အမျိုးသားညီလာခံမှာ ပူးပေါင်းပါဝင်ခဲ့တာ တွေ့ရပါတယ်။ ၁၉၉၆ခုနှစ် ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးမှာတော့ ဒီညီလာခံရဲ့ ဆောင်ရွက်မှုများဟာ ဒီမိုကရေစီ နည်းလမ်းမကျဘူး။ ဖွဲ့စည်းပုံရေးဆွဲမှုမှာ န အ ဖ အလိုကျရေးဆွဲနေရပြီး ကိုယ်စားလှယ်တွေရဲ့ ဆန္ဒကို လစ်လျှူရှုနေတယ်။ ဒီတော့ အမျိုးသားညီလာခံက ပြဋ္ဌာန်းပေးမယ့် အခြေခံဥပဒေမူကြမ်းဟာ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ပေးမယ့် အရာတစ်ခု ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုပြီး ထောက်ပြခဲ့ပါတယ်။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ဒီမိုကရေစီနည်းလမ်းမကျတဲ့ ဖွဲ့စည်းပုံဥပဒေရဲ့ သမိုင်းတရားခံ ဖြစ်တော့မှာမို့ န အ ဖ က ညှိနှိုင်းဆောင်ရွက်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။ မရတဲ့အဆုံး ညီလာခံကို မတက်ရောက်ဘဲ ဆန္ဒပြခဲ့ပါတယ်။ ဒါပေမယ့် န အ ဖ ကလည်း ညှိနှိုင်းဖို့ မကြိုးစားဘဲ ညီလာခံ(၂)ရက်ပျက်ကွက်ရင် ညီလာခံက ရာသက်ပန် ထုတ်ပယ်ပြီးသား ဖြစ်တယ်လို့ အဲဒီအချိန်က ညီလာခံကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးညွှန့်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ၂၀၀၄ခုနှစ် ညီလာခံပြန်စတော့လည်း ပါဝင်နိုင်ခြင်း မရှိတော့ပါဘူး။ တကယ်တမ်းတော့ NLDလိုပဲ တိုင်းရင်းသား ပါတီများကလည်း ဒီအချက်များကို ညွှန်ပြ ထောက်ပြခဲ့ကြပြီးသားပါ။ ဘယ်လိုမှ လုပ်မရတဲ့ အဆုံးသပ်ရလဒ်ကတော့ ဒီနေ့မြင်တွေ့နေရတဲ့ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပါတယ်။

နည်းလမ်းရှာဖို့လိုအပ်

မည်သို့ပင်ဖြစ်စေ ၉၂% ထောက်ခံနဲ့ အတည်ပြုထားပါပြီဆိုတဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကြီးက ကျနော်တို့ရှေ့မှာ ရောက်နေပါပြီ။ ဒီဖွဲ့စည်းပုံအရ ဆောင်ရွက်မယ့် အထွေထွေရွေးကောက်ပွဲ ဆိုတာလည်း ၂၀၁၀မှာ ကြုံတွေ့ရပါတော့မယ်။ ရှောင်လွှဲလို့တော့ မရနိုင်တဲ့အရာ မဖြစ်မနေ ဖြတ်သန်းရမယ့်အရာတစ်ခု ဖြစ်လာနေပါပြီ။ ယခုလက်ရှိ အခြေအနေအတိုင်းသာ ဆက်သွားမယ်ဆိုရင် ဒီဆောင်းပါးအစပိုင်းက Scenario အတိုင်း မြင်တွေ့လာရဖို့ကတော့ ဧကန်မုချဖြစ်နေပါတယ်။

လက်ရှိအခြေအနေက အပြောင်းအလဲတစ်ခု ဖန်တီးနိုင်ဖို့ NLDက ကြိုးစားချက်တစ်ခုကို မကြာမှီက ပေါ်ထွက်လာခဲ့ပါတယ်။ ရွှေဂုံတိုင် ကြေညာစာတမ်းပါ

- အဖွဲ့ချုပ်ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရင်၊

- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းများနှင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးရင်၊

- အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက စောင့်ကြပ် လေ့လာမှုကို ခွင့်ပြုလျက် ကျင်းပမည်ဆိုရင်

၂၀၁၀ရွေးကောက်ပွဲမှာ ပါဝင်ဖို့ ရည်ရွယ်ကြောင်း ဖော်ပြထားပါတယ်။ အဓိက အကျဆုံးဖြစ်တဲ့ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ဖို့အတွက်လည်း န အ ဖ အတွက် ရှည့်လည်းလျှောက်သာ ပျားလည်းစွဲသာ အခြေအနေတစ်ရပ် ဖန်တီးပေးထားတာ တွေ့ရပါတယ်။

တွေ့ဆုံဆွေးနွေးရေး

NLD ကအဆိုပြုထားတဲ့ တွေ့ဆုံဆွေးနွေးရေး အစီအစဉ် (၄)ချက်ကို ကြည့်ရင် ၂၀၀၈ခုနှစ် အခြေခံဥပဒေမှာ ပြင်ဆင်လိုသည့် အချက်များနဲ့ ပါတ်သက်လို့ အပြန်အလှန်လေးစားမှုနှင့် အမျိုးသား ပြန်လည်သင့်မြတ်မှုကို အခြေခံထားကာ အဆုံးအဖြတ်ပေးနိုင်သူများအကြား ညှိညှိနှိုင်းနှိုင်း ဆွေးနွေးသုံးသပ် ပြင်ဆင်ကြမယ်။ ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် ရလဒ်တွေကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအရ ဖွဲ့စည်းမည့် ပြည်သူ့လွှတ်တော်မှာ အတည်ပြုချက် ရယူကြမယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် န အ ဖ အနေနဲ့ မိမိရေးဆွဲထားတဲ့ ဥပဒေကို လေးစားလိုက်နာကြပြီး ဆောင်ရွက်ပေးရန် ကျန်ရှိတဲ့ တာဝန်တစ်ရပ်လည်း ပြီးစီးသွားစေမှာ ဖြစ်ပါတယ်။ ဒီနောက် ပြည်သူ့လွှတ်တော်က အတည်ပြုသဘောတူ ဆုံးဖြတ်ချက်များအရ ထွက်ပေါ်လာမည့် အနာဂတ် နိုင်ငံရေးလမ်းကြောင်းအတိုင်း သက်ဆိုင်သူများ အားလုံးက ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် တညီတညွှတ်တည်း ဆက်လက်ဖော်ဆောင်သွားဖို့ အဆိုပြုထားပါတယ်။ တိုင်းပြည်နဲ့လူမျိုးအတွက် စေတနာနဲ့ လုပ်နေတာဆိုရင် န အ ဖ အနေနဲ့ ဒီအဆိုပြုချက်တွေအပေါ် မလိုက်လျောနိုင်တဲ့ အချက်တစ်ခုမှ မတွေ့မိပါဘူး။ ဒီတင်ပြချက်ဟာ န အ ဖ ရဲ့ လမ်းပြမြေပုံ (၇)ချက်ကို အတိမ်းအစောင်းမဖြစ်စေဘဲ ဥပဒေအရ သူလုပ်ပေးဖို့ကျန်နေတဲ့ တာဝန်များကို လမ်းပြမြေပုံ အဆင့်(၄)ဖြစ်တဲ့ လူထုဆန္ဒခံယူပွဲနဲ့ အဆင့်(၅) အထွေထွေရွေးကောက်ပွဲအကြားမှာ ဆောင်ရွက်ဖြစ်သွားအောင်၊ လက်ရှိ ဖွဲ့စည်းပုံဥပဒေကိုလည်း ဒီမိုကရေစီ နည်းလမ်းကျတဲ့ ဖွဲ့စည်းပုံ ဥပဒေတစ်ခုဖြစ်အောင်၊ လူထုအတွက် လိုအပ်နေတဲ့ အပြောင်းအလဲတစ်ခုကို န အ ဖ က သိက္ခာရှိရှိ၊ အချိန်မှီမှီဆောင်ရွက်ပေးနိုင်အောင် လမ်းစဖွင့်ပေးလိုက်ခြင်း ဖြစ်ပါတယ်။

“…သူနဲ့ဒေါ်စုတို့ သက်ရှိထင်ရှားရှိနေတုန်း ယခုအချိန်မှာ သူတို့နှစ်ဦး ပူးပေါင်းဆောင်ရွက်လိုက်ကြရင် မြန်မာပြည်မှာ ဘယ်ခေတ်ဘယ်အခါနဲ့မှ မတူတဲ့ ညီညွှတ်မှုတစ်ခုကို အရယူနိုင်တယ်…”

NLD အတွက် စိန်ခေါ်ချက်များ

ယနေ့ နိုင်ငံရေး အကျပ်အတည်းကို ပြပါဆိုရင် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပဲဖြစ်ပါတယ်။ ရွှေဂုံတိုင် ကြေညာစာတမ်းရဲ့ အချက်အခြာအကျဆုံးက တွေ့ဆုံဆွေးနွေးရေး အဆိုပြုချက်(၄)ချက်က ဒီအကြပ်အတည်းကို ဖြေရှင်းဖို့ အကောင်းဆုံး ကြိုးပမ်းအားထုတ်မှု တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ ဆွေးနွေးကြဖို့ အစဉ်တစိုက် တောင်းဆိုနေတဲ့  NLD ရဲ့ ထပ်မံကြိုးပမ်းမှုလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီလို ကြိုးပမ်းအားထုတ်မှုများကို စိန်ခေါ်နေတဲ့ အချက်များရှိပါတယ်။

ပထမဆုံး စိန်ခေါ်မှုက ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ ဆွေးနွေးပွဲ ကြိုတင်သတ်မှတ်ချက် (၃)ခုပါ တွေ့ဆုံဆွေးနွေးဖို့ကိစ္စကို အမြဲလစ်လျှူရှုနေတဲ့ န အ ဖ ခေါင်းဆောင်ကြီးက ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအပြီး နိုင်ငံတကာရဲ့ ဖိအားပေးမှုများ ခံစားလာရတဲ့အခါမှာတော့ ကုလသံတမန် ဂန်ဘာရီကို

- ဒေါ်စုသည် ထိပ်တိုက်ရင်ဆိုင်ရေးနဲ့ အလုံးစုံပျက်သုန်းရေး ဆောင်ရွက်ခြင်း၊

- မြန်မာနိုင်ငံအပေါ် ပိတ်ပင်တားဆီးမှုများကို အားပေးထောက်ခံခြင်းများကို မလုပ်တော့ဘူးပြောရင် တွေ့ဆုံမယ်လို့ ပြောခဲ့ပါတယ်။ နိုင်ငံတကာရဲ့ပိတ်ဆို့တားဆီးမှုများကို ဒေါ်စုကအားပေးထောက်ခံတာ အားလုံးသိပါတယ်။ ထိပ်တိုက်ရင်ဆိုင်ရေးနဲ့ အလုံးစုံပျက်သုန်းရေးဆိုတဲ့ ကိစ္စများမှာတော့ ဝိဝါဒကွဲစရာတွေ အများကြီးရှိပါတယ်။ ဒါတွေကို အသာထားလို့ ကြိုတင်သတ်မှတ်ချက်များကို ပြန်စဉ်းစားမယ်ဆိုရင် မဆွေးနွေးချင်လို့ ညစ်ထားတဲ့ကိစ္စတစ်ခုလို အထင်အရှားမြင်နိုင်ပါတယ်။ လက်တွေ့စဉ်းစားကြည့်ရင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အကျိုးရှိစေမယ့်ရလဒ်တစ်ခု ထွက်လာတာနဲ့ တပြိုင်နက် ဒီအချက်(၃)ချက်ဟာ ဘယ်ဖက်ကမှ စဉ်းစားစရာ မလိုတော့တဲ့ အရာများပင်ဖြစ်ပါတယ်။ NLDရဲ့ ကြိုတင်သတ်မှတ်ချက် ဘာမှမရှိတဲ့ ဆွေးနွေးပွဲ စတင်ဖို့နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဆွေးနွေးပွဲ ကြိုတင်သတ်မှတ်ချက်တို့ ထိပ်တိုက်တွေ့မှုကို ညှိပေးမယ့် ကြားခံကောင်းကောင်းတစ်ယောက် လိုပါလိမ့်မယ်။ အထူးသဖြင့် ဗိုလ်သန်းရွှေကို သြဇာညောင်းတဲ့သူ တစ်ဦး/တစ်ဖွဲ့ပေါ့။

ဒုတိယစိန်ခေါ်မှုက ယုံကြည်မှုပေါ်ပေါက်ရေးပါ။ ပြောချင်တာက ဗိုလ်ချုပ်မှူးကြီးနဲ့ သူ့နောက်လိုက်များရဲ့ နိုင်ငံရေးပါတီများနဲ့ ပါတီစုံ ဒီမိုကရေစီ စနစ်အပေါ် ယုံကြည်မှုကို ဆိုလိုပါတယ်။ သူတို့တစ်သိုက်ရဲ့ ယုံကြည်မှု ကင်းမဲ့နေကြပုံကို အနီးစပ်ဆုံး ဥပမာပြရရင်တော့ (၆၄)ကြိမ်မြောက် တပ်မတော်နေ့မှာ ပြောခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်းဖြစ်ပါတယ်။ YMBA,BCBA နဲ့ ဒို့ဗမာအစည်းအရုံးကစ ပြည်သူ့ရဲဘော်၊ ဗမာကွန်မြူနစ်ပါတီ အလယ်၊ ဖဆပလနဲ့ ပထမဆုံး အကွဲအပြဲများနဲ့သာ အပြည့်ဖြစ်ကြောင်း အစချီလို့ နိုင်ငံရေးပါတီများကို အယုံအကြည်မရှိဖို့ အထင်မကြီးဖို့နဲ့ နိုင်ငံ့အရေးဆိုတာ တပ်မတော်သားတွေကသာ လုပ်ပေးနိုင်တဲ့ အရာဖြစ်တယ်ဆိုပြီး တပ်မတော်သားတွေကို စည်းရုံးလှုံ့ဆော်တဲ့ မိန့်ခွန်းတစ်ခု ဖြစ်ပါတယ်။

သူမယုံကြည်ရုံတင်မက တပ်မတော်တစ်ခုလုံးကပါ အယုံအကြည်မရှိအောင် လုပ်နေတာကတော့ အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်သစ်ရဲ့ ရှေ့ဆက်ရမယ့် ခရီးအတွက် ရင်လေးစရာ အပြည့်ပဲဖြစ်ပါတယ်။ ဆွေးနွေးရေးကို လက်မခံတာ။ အခြေခံဥပဒေမှာ ကာကွယ်ရေးဦးစီးချုပ်က ထိန်းချုပ်နိုင်တဲ့ ခလုပ်တွေ အဆင့်တိုင်းမှာ ထည့်ထားတာတွေဟာ သူ့ရဲ့ မယုံကြည်မှုတွေကို ပြသနေတာပဲ ဖြစ်ပါတယ်။ ယုံကြည်မှု မပေါ်ပေါက်သ၍ ယုံကြည်မှု မတည်ဆောက်နိုင်ပါဘူး။

ဗိုလ်ချုပ်မှူးကြီး သဘောပေါက်ယုံကြည်ရမှာက ဒီနေ့ ဒီအခါလောက်ကောင်းတဲ့ အခွင့်အရေး မရှိဘူးဆိုတာပါ။ ဆိုလိုတာက သူ့တပ်ကိုပိုင်သလို ဒေါ်စုနောက်မှာ လူထုကြီးရှိပါတယ်။ သူနဲ့ဒေါ်စုတို့ သက်ရှိထင်ရှားရှိနေတုန်း ယခုအချိန်မှာ သူတို့နှစ်ဦး ပူးပေါင်းဆောင်ရွက်လိုက်ကြရင် မြန်မာပြည်မှာ ဘယ်ခေတ် ဘယ်အခါနဲ့မှမတူတဲ့ ညီညွတ်မှုတစ်ခုကို အရယူနိုင်တယ်။ နိုင်ငံဖွံ့ဖြိုးရေးကို အစွမ်းရှိသလောက် လုပ်နိုင်ကြမှာ ဖြစ်ပါတယ်။ လူထုက မျှော်မှန်းတမ်းတနေတာလဲ ဒီအချက်ပဲဖြစ်ပါတယ်။

“…ယုံကြည်မှုကင်းမဲ့နေကြပုံကို အနီးစပ်ဆုံး ဥပမာပြရရင်တော့ (၆၄)ကြိမ်မြောက် တပ်မတော်နေ့မှာ ပြောခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်းဖြစ်ပါတယ်။ နိုင်ငံရေးပါတီများကို အယုံအကြည်မရှိဖို့၊ အထင်မကြီးဖို့နဲ့ နိုင်ငံအရေးဆိုတာ တပ်မတော်သားတွေကသာ လုပ်ပေးနိုင်တဲ့အရာဖြစ်တယ်ဆိုပြီး တပ်မတော်သားတွေကို စည်းရုံးလှုံ့ဆော်တဲ့ မိန့်ခွန်းတစ်ခု ဖြစ်ပါတယ်…”

တတိယစိန်ခေါ်မှုက NLD နဲ့ လူထုအကြား ဆက်သွယ်ဆက်ဆံရေး ကဏ္ဍဖြစ်ပါတယ်။ ယနေ့ န အ ဖ က NLD ကို ခြေဖြတ်လက်ဖြတ် လုပ်ထားတဲ့အပြင် ပါးစပ်ကိုပါ အဝတ်နဲ့ဆို့ထားတာ အားလုံးသိကြပါတယ်။ ဒါပေမယ့် ယခုလာတော့မယ့် အချိန်ကာလတွေမှာတော့ NLD နဲ့လူထုအကြား ဆက်သွယ်ဆက်ဆံရေး လမ်းကြောင်းတွေ၊ မီဒီယာတွေ ယခုအခြေအနေထက် အများကြီးကောင်းဖို့ လိုပါလိမ့်မယ်။ အနှစ်(၂၀)ကျော် ကြာလာတဲ့ တိုက်ပွဲအတွင်း လူထုအတွင်းမှာ အားမလိုအားမရမှုတွေ ရှိနေတဲ့အပြင် ခေါင်းဆောင်မဲ့နေသလို ခံစားနေကြရသူတွေ ရှိနေပါတယ်။ အခတ်အခဲတွေကြားက အကောင်းဆုံးဖြစ်မယ့် ဆက်သွယ်ဆက်ဆံရေး နည်းလမ်းများ တီထွင်ကြံဆရပါမယ်။ NLD လူထုထံ ချပြစရာတွေ၊ ချပြသင့်တာတွေကို လူထုထံ အရောက်ပို့နိုင်ဖို့ လိုပါလိမ့်မယ်။

စတုတ္ထစိန်ခေါ်မှုက အချိန်ပါ။ ၂၀၁၀ဆိုတာ ခဏလေးနဲ့ ရောက်လာတော့မှာ ဖြစ်ပါတယ်။ ယခုတည်းက NLD တောင်းဆိုချက်များအတွက် ဖြစ်လာနိုင်ခြေ အားလုံးတွက်ဆပြီး Contingency plan များ ရေးဆွဲချမှတ်ထားမှ န အ ဖ ရဲ့ လှုပ်ရှားမှုများနဲ့ ထပ်ချပ်မခွာ လိုက်နိုင်မှာဖြစ်ပါတယ်။ န အ ဖ က ဒီမိုကရေစီရေး လုပ်ငန်းတိုင်းမှာ အချိန်ဇယားကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖျောက်ထားပြီး အလုပ်လုပ်နေတာပါ။ ၂၀၀၈ ဆန္ဒခံယူပွဲတုန်းက ဖွဲ့စည်းပုံဥပဒေကို လေ့လာချိန် ကောင်းကောင်းမရနိုင်အောင် ဆောင်ရွက်ခဲ့တာလည်း သတိချပ်ဖို့လိုပါမယ်။ ယခုလည်း NLD ကို ပြင်ဆင်ချိန်မရနိုင်အောင် အချိန်တွေကို ကစားပါဦးမည်။

“…န အ ဖ က ဒီမိုကရေစီရေး လုပ်ငန်းတိုင်းမှာ အချိန်ဇယားကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖျောက်ထားပြီး အလုပ်လုပ်နေတာပါ…”

ပဉ္စမနဲ့ နောက်ဆုံးစိန်ခေါ်ချက်ကတော့ န အ ဖ ရဲ့ မရိုးသားမှုဖြစ်ပါတယ်။ ကိုယ်ထုတ်ပြန်ခဲ့တဲ့ ဥပဒေမှ ကိုယ်ပြန်မလိုက်နာ၊ ကိုယ်ထုတ်ပြန်ခဲ့တဲ့ အမိန့်ကို ကိုယ်ပြန်မေ့၊ လူသိန်းသောင်းချီ သေဆုံးကြရတဲ့ အရေးတောင် မငဲ့ကွက် ကိုယ်လိုချင်တဲ့ရလဒ် အတင်းယူခဲ့သူတစ်ဦးက ဒီနေ့ကြမှ NLD ရဲ့တောင်းဆိုချက်ကို လိုက်လျောဖို့ဆိုတာ အိမ်မက်တောင်မမက်ရဲတဲ့ အခြေအနေရှိပါတယ်။ ဒီအတွက် အကောင်းဆုံးကိုမျှော်လင့်ပေမယ့် အဆိုးဆုံးကို ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားရမယ်လို့ ထင်မြင်မိပါတယ်။

ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်

နိဂုံးချုပ်ရရင် NLD က ရှေ့ဆက်ရမယ့်ခရီးကို စိန်ခေါ်မှုအပြည့်နဲ့ ဖြတ်သန်းရဦးမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် န အ ဖ ခေါင်းဆောင်ကြီးများရဲ့ အပြုအမူနဲ့ အကျင့်အကြံတွေ နေ့ချင်းညချင်း ပြောင်းလဲသွားဖို့က NLD ရဲ့ ကြိုးပမ်းအားထုတ်မှု တစ်ခုတည်းနဲ့ ဖြစ်ပေါ်လာဖို့ အလွန်ခဲယဉ်းပါတယ်။ ဒါပေမယ့် ယခုစဉ်းစားခဲ့တာ န အ ဖ နဲ့ NLD  နှစ်ဦးကိုသာ ထည့်တွက်ထားတာ ဖြစ်ပါတယ်။ တကယ်တမ်းဆိုရင်

- န အ ဖ နဲ့ အခြား နိုင်ငံရေးပါတီများ၊

- န အ ဖ နဲ့ ငြိမ်းချမ်းရေးအဖွဲ့များ၊

- န အ ဖ နဲ့ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊

- န အ ဖ နဲ့ ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အာဆီယံ၊ အီးယူနဲ့ ပြည်ပအစိုးရများ၊

- န အ ဖ နဲ့ သူ့စီးပွားရေး၊

- န အ ဖ နဲ့ သူ့လူမှုရေး အသိုင်းအဝန်း၊

- န အ ဖ နဲု့တရုတ်အစိုးရ၊ ရုရှားအစိုးရ၊ ထိုင်းအစိုးရ၊

စတဲ့ န အ ဖ ရဲ့ အခြားမျက်နှာစာများကို ထည့်သွင်းစဉ်းစားရပါဦးမယ်။ အဲဒီမျက်နှာစာများမှာလည်း န အ ဖ ကို လက်ရှိ အပြုအမူ အကျင့်အကြံတွေ ပြောင်းလဲသွားစေဖို့ တူညီတဲ့ ဦးတည်ချက်တစ်ခုအပေါ် သင့်လျော်တဲ့ ချဉ်းကပ်မှု အမျိုးအမျိုးနဲ့ ဆောင်ရွက်ကြမယ်ဆိုရင်၊ တပ်မတော်အတွင်းမှာလည်း နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများဟာ ဒို့လိုပဲ လူထုအတွက်၊ တိုင်းပြည်အတွက် လုပ်နေကြသူတွေပါလားဆိုတာ သိမြင် လက်ခံကြမယ်ဆိုရင် ဒီဆောင်းပါးအစမှာ စဉ်းစားခဲ့တဲ့ Scenario ကို အသစ် ပြန်ပြင်ရေးရတော့မှာ ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် အကောင်းဆုံးတွေကို စဉ်းစားဆုံးဖြတ်ရာ၊ အပေးအယူ မျှမျှတတနဲ့ ကမ္ဘာ့အလည်မှာ မျက်နှာမငယ်ရတဲ့ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ် ဖြစ်လာမှာ ဧကန်မုချလို့ ထင်မြင်မိပါကြောင်း။          ။


ရေးသားသူ။                           ။ မောင်ရွှေ

(တတိယမျက်လုံး)

Last Updated ( Wednesday, 23 September 2009 21:27 )  

ကျနော်တို့ဂျာနယ်

 

ဇန္န၀ါရီလထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

 

ဖေဖော်ဝါရီလထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

 

မတ်လထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

ဗိုလ်ချုပ်အောင်ဆန်းကဗျာများ

လာရောက်လည်ပတ်သူများ

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့85
mod_vvisit_counterမနေ့141
mod_vvisit_counterစုစုပေါင်း78708
(From 17.5.09, 5:00 pm)

လက်ရှိဧည့်သည်

We have 3 guests online