Moethaukkye Library Burmese Volunteer Group

Friday
Mar 12th
Text size
  • Increase font size
  • Default font size
  • Decrease font size
Home ဆောင်းပါး ကဏ္ဍစုံဆောင်းပါး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဆင်ကွက်အတိုင်း

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဆင်ကွက်အတိုင်း

E-mail Print PDF
အတွင်းသတင်းများအရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည် အပေါ် အကောက်ကြံနိုင်ရန် သူ၏အကြံအစည် အတိုင်း ဖြစ်လာသည့်အတွက် အထူးကျေနပ် နှစ်သိမ့်နေသည်ဟု သိရသည်။
 

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ဓာတ်ပုံ - အေပီ)

နေပြည်တော်ရှိ သတင်းများအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ထိပ်ပိုင်း စစ်ခေါင်းဆောင်များ ပြီးခဲ့သည့် မတ်လက တောတွင်း မြို့တော်တွင် အစည်းအဝေး ထိုင်ခဲ့ကြသည်။ ၎င်း အစည်းအဝေးတွင် ဆွေးနွေးရန် ကိစ္စ တခုသာရှိခဲ့ သည်ဟု ဆိုကြသည်။ ဤကိစ္စမှာလည်း သူတို့အတွက်ခေါင်းခဲနေကြရသည့် မြန်မာနိုင်ငံ၏ နာမည်ကျော်အကျဉ်း သား ဒေါ်အောင်ဆန်းစုကြည်ကို မည်သို့ ကိုင်တွယ်ကြမည်နည်းဟူသော ကိစ္စပင် ဖြစ်သည်။

ဗိုလ်ချုပ်သန်းရွှေက ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း အပါအ၀င် သူ၏ အကြံပေး ၅ ဦး နှင့် တိုင်ပင်ခဲ့သည်။ သူက"ကောင်မလေး"ဟု ခေါ်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို မည်သို့ကိုင်တွယ်လျှင်ကောင်း မည်နည်းဟူသော သူ၏အကြံကို တိုင်ပင်ခဲ့ခြင်း ဖြစ်သည်။

သူရခဲ့သည့် အကြံပေးချက်များကလည်း မပြတ်သားလှသလို၊ စိတ်တော်သိ ဗောင်းတော်ညိတ် ကပ်ဖားဖြေကြား ခဲ့ကြခြင်းသာ ဖြစ်သည်။ သတင်းများအရ တချို့ဗိုလ်ချုပ်များက အကြံပြုရာတွင် ဗိုလ်ချုပ်သန်းရွှေ အနေနှင့် ဒေါ်စု လွတ်မြောက်ရေး နိုင်ငံတကာဖိအားပေးမှုများကို ဆက်လက် လျစ်လျူရှုထားသင့်ကြောင်း၊ အချိန်အကန့် အသတ် မရှိ သူ့ကို ဆက်လက် ချုပ်နှောင်ထားသင့်ကြောင်း အကြံပြုခဲ့ကြသည်ဟု ဆိုသည်။

သေချာသည်မှာ ဗိုလ်ချုပ်သန်းရွှေက သူ့လက်အောက်ခံ ဗိုလ်ချုပ်များ၏ အကြံပြုချက်များနှင့် ကျေနပ်နေလိမ့်မည် မဟုတ်ပါ။ သူက ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေကြောင်းအရ အရေးယူရသည့်သဖွယ် ဆောင်ရွက်လိုသည်။ သူက ဒေါ်စုကို စစ်အစိုးရအတွက် အကြီးဆုံးရန်သူဟု သတ်မှတ်ထားပြီး ပြည်ထဲရေး ၀န်ကြီးဌာနကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်နိုင်ရေး အကွက်ရှာရန် ညွှန်ကြားခဲ့သည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကွက်ဆင်နိုင်ရေးအတွက် ဖြစ်နိုင်ခြေရှိသော ကိစ္စတခုမှာ ထိန်းသိမ်း ချုပ်နှောင်ထားသည့် ကန့်သတ်ချက်များကို ချိုးဖောက်သည်ဟု အကြောင်းပြနိုင်ရန် ဖြစ်သည်။ ဂျွန် ၀ီလျီယံ ယက်ထောကို အသုံးပြုနိုင်သည်ကား အတိုင်းထက်အလွန် ဖြစ်တော့သည်။

သူက လွန်ခဲ့သည့်နှစ် နိုဝင်ဘာလက ရန်ကုန်မြို့တွင် ရှိနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ခြံတွင်းသို့ ခိုး ၀င်ရန် ကြိုးပမ်းခဲ့သည်ကို သူတို့သိထားကြပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေး ဆရာဝန် ဒေါက် တာ တင်မျိုးဝင်းက ယင်းသို့ မစ္စတာယက်ထော ခိုးဝင်ရန် ကြိုးပမ်းသည့်ကိစ္စကို ရဲများထံတိုင်ကြားခဲ့သေးသည်။ သို့သော်လည်း အာဏာပိုင်များက ၎င်း ကို မည်သို့မျှအရေးယူခဲ့ခြင်း မရှိပါ။

စစ်အစိုးရ ထောက်လှမ်းရေးဌာန ယခင်အရာရှိဟောင်းများ၏ အဆိုအရ မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာ လျှောက် ထားသည့် နိုင်ငံခြားသားများကို ခြေရာခံရလွယ်ကူသည်ဟု ဆိုကြသည်။ အကယ်၍ မစ္စတာယက်ထောကို မြန်မာ နိုင်ငံသို့ ပြန်လည်မ၀င်ရောက်လာစေလိုပါက အာဏာပိုင်များက သူ့ကိုနာမည်ပျက်စာရင်းသွင်းထားရန် မြန်မာ သံရုံး များသို့ ညွှန်ကြားလိုက်ရန်သာ ဖြစ်သည်။ သို့သော်လည်း အာဏာပိုင်များက ဤသို့ မဆောင်ရွက်ခဲ့ကြပါ။

 

မစ္စတာယက်ထောက ထိုင်းနိုင်ငံတွင် ခေတ္တနေထိုင်ခဲ့ပြီး ပြည်ပရောက် အတိုက်အခံ အဖွဲ့များနှင့် တွေ့ဆုံခဲ့သည် ဟုလည်း သိရှိရသည်။ သူက ဒေါ်စုခြံဝင်းအတွင်း တိတ်တဆိတ် ခိုးဝင်ခဲ့သည်မှာ သူရဲကောင်းဝါဒအကြောင်း သူရေးသားနေသည့် စာအုပ်နှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်း အင်တာဗျူးလိုသည်ဟုလည်း ပြောသည်။ လူအများ က ဖိအားဒဏ် အမျိုးမျိုးကြုံရသည့်အခါ မည်သို့ တုံ့ပြန်ပုံကို သူသိလိုကြောင်းလည်း ပြောပြခဲ့သည်။

မစ္စတာယက်ထော၏ မိခင်ဖြစ်သူကတော့ သူ့တွင် စိတ်ရောဂါပြဿနာ ရှိနေကြောင်း ပြောသည်။ သူက စိတ်ဖိစီး မှု ဒဏ် (Post-traumatic stress disorder) ခံစားနေရသည်ဟု ဆိုသည်။ သူ၏ ဇနီးဖြစ်သူကတော့ မစ္စတာ ယက်ထောက "ငြိမ်းချမ်းရေး လိုလားသူ" ဟု ပြောပါသည်။

ဗိုလ်ချုပ်သန်းရွှေက လိုအပ်နေသည်မှာ ဤသို့တလွဲလုပ်လိုသည့် လူများပင် ဖြစ်သည်။ အကယ်၍ သူက အကျပ် ကိုင်နိုင် ပါက၊ သို့မဟုတ် စွန့်စားခန်းကြီးလုပ်ဆောင်လိုသည့် သူများ၏ လှုပ်ရှားမှုကို နောက်တကြိမ် ခွင့်ပြုလိုက်ပါ က၊ ထိုသူများက မသိလိုက်မသိဘာသာဖြင့် စစ်အစိုးရအတွက် စိတ်ကြိုက်အကွက်ကို လုပ်ဆောင်ပေးမည့်အရေး သူက လိုအပ်နေခဲ့သည်။ သို့မှသာ ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေချိုးဖောက်သည်ဟု အကြောင်းပြ၍အရေးယူ နိုင်မည် ဖြစ်သည်။ ယခုအမှုတွင် "နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ အန္တရာယ်မှ ကာကွယ်တားဆီး ရေး ဥပဒေ ပုဒ်မ ၂၂ အရ အရေးယူနိုင်တော့မည် ဖြစ်သည်။

သို့သော် ဤလုပ်ကြံမှုမှာ အားနည်းချွတ်ယွင်းချက်မရှိ ပြီးမြောက်ခဲ့သည်တော့ မဟုတ်ပါ။ ဗိုလ်ချုပ်သန်းရွှေက သူ၏ လက်အောက်ခံ နယ်ရုပ်လေးများ တခုမကကစား၍ အကွက်ချခဲ့ရလိမ့်မည် ဖြစ်သည်။ ရဲများက မစ္စတာ ယက်ထောကို အင်းလျားကန်အတွင်း ဖမ်းဆီးရမိသည့်အချိန်မှစ၍ အာဏာပိုင်များက သူတို့အကြံအတိုင်း ဖြစ် ခဲ့ပြီဟု ယုံကြည်မှုအပြည့်ရှိနေကြသည်။ ဤအကွက်ဖြင့် ဘုရင်မကြီးကို ပွဲသိမ်းနိုင်တော့မည်ဟု ထင်နေကြသည်။

နေပြည်တော်မှ သတင်းများအဆိုအရ အင်းလျားကန်ထဲမှတဆင့် ဒေါ်စုအိမ် လူခိုးဝင်သည်ဆိုသည့် သတင်းကြား သည့်အခါ သူက "အကျေနပ်ကြီး ကျေနပ်နေတော့သည်"ဟု ဆိုသည်။

မစ္စတာယက်ထော ခိုးဝင်မှုက ဒေါ်အောင်ဆန်းစုကြည်နှင့် မည်သို့မျှပတ်သက်အပြစ်မထင်သည့်အပြင်၊ စစ်အစိုးရ ၏ လုံခြုံရေး အစီအမံများတွင် လစ်ဟာမှုများ ရှိနေကြောင်း ပြသနေပါသည်။ သို့သော်လည်း ဤအမှုကိုပင်သုံး၍ ဒေါ်စုကို အပြစ်ဆင်နိုင်ရေး လုပ်ဆောင်နေကြပြီ ဖြစ်သည်။

ဤဖြစ်ရပ်မှာ ပထမအကြိမ်မဟုတ်ပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင်ဖြစ်သူ ဒေါ်စုကို အသေး အဖွဲ အမှုများကိုသုံး၍ တရားရေးစနစ်အရ ချည်ငင်ချုပ်နှောင်ထားရန် စစ်အစိုးရက အကြိမ်ကြိမ် ကြိုးပမ်းခဲ့ဖူးပါ သည်။

၂၀၀၁ ခုနှစ်တွင် စစ်အစိုးရ အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦး အကြား ပေါ်ပေါက်ခဲ့သည့် အမွေမှုကို အကြောင်းပြ၍ အသုံးချခဲ့သေးသည်။ ဦးအောင်ဆန်းဦးက အမေရိကန်တွင် နေထိုင်ပြီး၊ အမေရိကန် နိုင်ငံသား ခံယူထားသူလည်း ဖြစ်သည်။ ညီမအပေါ် မကျေလည်သူ အစ်ကိုဖြစ်သူက ၎င်း၏ ညီမအပေါ် တရားစွဲဆိုလာစေရန် သူတို့က အဆောတလျင် အနံ့ခံနိုင်ခဲ့ကြသည်။

၁၉၈၈ ခုနှစ်မှစ၍ ယခုတိုင် ဒေါ်အောင်ဆန်းစုကြည် နေထိုင်သော အိမ်ကို ပိုင်ဆိုင်ခွင့် တ၀က်ရရှိလိုပါကြောင်း သူ၏အစ်ကိုက တရားစွဲဆိုစေခဲ့သည်။
ဦးအောင်ဆန်းဦးက သူအမှုနိုင်လျှင် အိမ်၏တ၀က်ကို အစိုးရထံသို့ လှူဒါန်းမည်ဟု ဆိုသည်။ သို့သော်လည်း ကွယ်လွန်သူ မိခင်ဒေါ်ခင်ကြည်ကမူ သူတို့၏ အိမ်ကို ပြတိုက်အဖြစ်သာ ရှိစေလိုကြောင်း ဆန္ဒပြုခဲ့သည်။

နောက်ဆုံးတွင် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအရ နိုင်ငံခြားသားဖြစ်သူတဦးက မြန်မာနိုင်ငံတွင် မြေပိုင်ဆိုင် ခွင့်မရှိဟူသော အကြောင်းပြချက်ဖြင့် တရားရုံးက ဤအမှုကိုပယ်ချခဲ့သည်။ သို့သော်လည်း ဤသို့ဖြစ်လာစေရန် ကြံစည်ခဲ့သည့် ဗိုလ်ချုပ်သန်းရွှေ၏ အကြံအစည်က ရှင်းနေပါသည်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူအများက သံသယ ၀င်လာစေရန်နှင့် ဖြစ်နိုင်သမျှ ဖိနှိပ်အနှောင့်အယှက်ပေးရန်၊ စိတ်ဒုက္ခဖြစ်စေရန်သာ ဖြစ်သည်။

၂၀၀၃ ခုနှစ်၊ ဖေဖေါ်ဝါရီလကလည်း ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းတရားရုံးမှ စီရင်ဆုံးဖြတ်ချက်အရ ဒဏ်ငွေ ဆောင်ရန် ငြင်းပယ်ပြီးနောက် ထောင်ဒဏ်အသေးစားတခုကို ကျခံရန်လည်း ကြုံတွေ့ခဲ့ရသေးသည်။

သတင်းများအရ ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝင်းအတွင်း၌ နေထိုင်သူ မောင်တ၀မ်းကွဲဖြစ်သူ ကိုစိုးအောင်က သူ၏နေအိမ်တွင် သူ့ကို ထိုးကြိတ်ခဲ့ပြီး နှစ်ဦးစလုံးက ဤအမှုကို တရားစွဲဆိုခဲ့ကြသည်။ ကိုစိုးအောင်ကတိုင်ကြား ရာတွင် ဒေါ်စုက တရားမ၀င် သူ့ကိုခြံတွင်းမှ နှင်ထုတ်သည်ဟု အကြောင်းပြခဲ့သည်။

တရားရုံးက ဒေါ်စုကို ထောင်ဒဏ်တပတ်ကျခံမည်လော၊ သို့မဟုတ် ဒဏ်ငွေ ကျပ် ၅၀၀ (အမေရိကန်ဒေါ်လာ ပျမ်းမျှ ၀. ၅၀) ပေးဆောင်မည်လောဟု ရွေးချယ်ခွင့်ပေးခဲ့သည်။ ဒေါ်စုက ဒဏ်ငွေပေးဆောင်ရန် ငြင်းပယ်ခဲ့ပြီး သူ့ကို ထောင် ဒဏ် ၇ ရက်ချမှတ်သည်ကိုသာ ခံမည်ဟု ပြောဆိုခဲ့သည်။ ထို့နောက် ဤအမှုကို ချက်ချင်းရုပ်သိမ်း ခဲ့ကြသည်။

သို့သော်လည်း ယခုတကြိမ်တွင်တော့ ဂျွန် ၀ီလျီယံ ယက်ထောကို အင်းလျားကန်ထဲ ရေဆင်းကူးစေရန် ထောင်ချောက် ဆင်ခဲ့ခြင်းဖြင့် ဗိုလ်ချုပ်သန်းရွှေ အလိုကျဖြစ်လာစေခဲ့သည်။ သူက ငါးမျှားချိတ်တွင် ငါးကြီးတော့ မိလာပြီဟု ယူဆသည်။

စစ်အစိုးရက ချက်ချင်းဆိုသလိုပင် တရားစွဲဆိုမှု ကိစ္စများ ဆက်လက် လုပ်ဆောင်ခဲ့သည်။ အကယ်၍ အကျယ် ချုပ်ထားသည့် အကန့်အသတ်ကို ချိုးဖောက်ကြောင်း၊ အမေရိကန်လူမျိုး ရေကူးသမားကို လက်ခံထားကြောင်း ပြစ်မှုထင်ရှား တွေ့ရှိ သည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ထောင် ဒဏ် ၅ နှစ်အထိ ထောင်ဒဏ်ကျခံ ရဖွယ် ရှိနေသည်။

အင်းစိန်အကျဉ်းထောင်အတွင်း၌ ခုံရုံးအမည်ခံ ခုံရုံးကိုစီစဉ်ခဲ့သည်။ ဗိုလ်ချုပ်သန်းရွှေက နိုင်ငံတကာက ချက်ချင်း တုံ့ပြန် လာကြမည့် ပြစ်တင်ဝေဖန်မှုများကို မျှော်လင့်မထားခဲ့ပါ။ ထိုမျှမက အမေရိကန်နိုင်ငုံနှင့် ဥရောပ သမဂ္ဂက ဒဏ်ခတ် အရေးယူမှု ဆက်လက်သက်တမ်းတိုးမည့်အရေးကိုလည်း လျှော့ပေါ့တွက်ထားပါသည်။ တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် အာဆီယံ မိတ်ဆွေဟောင်းနိုင်ငံများက သူ၏ဘက်တွင် ရပ်တည်ပေးနေသမျှ ကာလပတ်လုံး သူက ဤသို့ပြစ်တင်ရှုတ်ချမှုများကို အရေးမစိုက်ဘဲ နေနိုင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် အရေးနှင့် ပတ်သက်၍ ကမ္ဘာ့ခေါင်းဆောင်များက အချိန်မည်မျှကြာကြာ ပေးနိုင်မည်၊ မည်မျှ အားစိုက် အရေးတယူလုပ်နိုင်မည်ကို ဗိုလ်ချုပ်ကြီးက တွက်ဆနေသည်။ ကမ္ဘာ့တနေရာရာတွင် တခြား အကျပ်အတည်း ပြဿနာတခုခု ပေါ်လာသည်နှင့် တပြိုင်နက် အရှိန်သေသွားလိမ့်မည်။ အသံတိုးသွားလိမ့်မည် ဟု ယူဆနေသည်။
မည်သို့သော အခြေအနေပင်ဖြစ်စေ၊ နိုင်ငံတကာမှ မနှစ်မြို့မှုများတွင်လည်း သူရှင်သန်နိုင်သည်ကို ဗိုလ်ချုပ်သန်း ရွှေက သိနေသည်။ ယခုအချိန်တွင်တော့ အင်းစိန်အကျဉ်းထောင်အတွင်း ပြုလုပ်နေသည့် တရားခွင်မှ ရလဒ်များ ကို နေပြည်တော်မှ နားထောင်နေပြီး ပြုံးပြုံးကြီး လုပ်နေမည်မှာ မလွဲမုချ ဖြစ်ပါတော့သည်။  

အောင်ဇော် ရေးသားသည့် It’s All Going According to Plan ကို ဆီးလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

Last Updated ( Wednesday, 23 September 2009 21:27 )  

ကျနော်တို့ဂျာနယ်

 

မေလထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။ ...

 

ဧပြီလထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

 

မတ်လထုတ် မိုးသောက်ကြယ်ဂျာနယ်

ဖတ်ရူနိုင်ပါသည်။...

ဗိုလ်ချုပ်အောင်ဆန်းကဗျာများ

လာရောက်လည်ပတ်သူများ

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterယနေ့56
mod_vvisit_counterမနေ့130
mod_vvisit_counterစုစုပေါင်း49250
(From 17.5.09, 5:00 pm)

လက်ရှိဧည့်သည်

We have 8 guests online