မိုးသောက်ကြယ်စာကြည့်တိုက်အကြောင်းကို NHKမှ Documentary အဖြစ် ရိုက်ကူးတင်ဆက်ထုတ်လွှင့်မည်

Saturday, 02 January 2010 15:41 administrator
Print



သန့်မျိုးထွေး

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ရှင်းကျုးကုရပ်ကွက်တွင် တည်ရှိသည့် တခုတည်းသော မြန်မာစာကြည့် တိုက်ဖြစ်သည့် “မိုးသောက်ကြယ်စာကြည့် တိုက်” အကြောင်းကို ဂျပန်ရုပ်သံဋ္ဌာနတခုဖြစ်သော NHKမှ မှတ်တမ်းရုပ်ရှင်(Documentary) အဖြစ်လာရောက်ကူး၍ ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရှိရသည်။

NHKရုပ်သံဋ္ဌာန၏လက်အောက်ခံအဖွဲ့ခွဲတခုဖြစ်သည့် Super Brainမှ တာဝန်ခံတဦးမှ မိုးသောက်ကြယ်သို့လာရောက်၍ ရိုက်ကူးမည့်အနေအထား ပုံစံတို့ကို ရှင်းလင်းပြောပြသွားသည်။

Super Brain၏ တာဝန်ခံအိုချိ နိုဇိုမိ(Ochi Nozomi) မှ"အခုအချိန်မှာက စီးပွားရေးတွေ ကျဆင်းနေတော့ စာတော်တော်ဖတ်ပါတယ်ဆိုတဲ့ ဂျပန်လူမျိုးတွေတောင် အရင်လိုစာ မဖတ်ဖြစ်တော့ဘူး။ အထူးသဖြင့် မျိုးဆက်သစ်လူငယ်တွေရောပေါ့။ နောက်ပြီး အစိုးရ အနေနဲ့ မြို့နယ်တိုင်းမှာ စာကြည့်တိုက်တွေကို စနစ်တကျတည်ဆောက်ပေးထားပေမယ့် အသုံးပြုရကောင်းမှန်းလည်းမသိကြတော့ဘူး။ အခုလိုအချိန်မှာ အဖိုးတန်ပြီးရှားပါးတဲ့ စာအုပ်တွေထောင်ချီပြီး ဂျပန်ရောက်မြန်မာတွေ သမိုင်းအချက်အလက်ကိုးကားဖို့ရော၊ ဗဟုသုတရရှိစေဖို့အတွက်ပါရည်ရွယ်ပြီး ကြိုးကြိုးစားစားနဲ့ မြန်မာစာကြည့်တိုက်တခုတည် ထောင်ထားတာကို တွေ့လိုက်ရတာအခါမှာ အရမ်းကိုအံ့သြ၀မ်းသာမိတယ်၊ တဖက် ကလည်း ကိုယ့်ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းထားတယ်လို့သိရတဲ့ အတွက်ချီးကျူးမိပါတယ်။ ဒါတွေကိုလည်း ဂျပန်လူငယ်တွေကို သိစေချင်ပါတယ်"ဟု ၄င်း၏ခံစားချက်အမြင်ကို ပြောပြသွားသည်။



Asia Cross Road ''Asian In Japan"ဟု အမည်ပေးထားသည့် အဆိုပါမှတ်တမ်းရုပ်ရှင် အတွက် NHKရုပ်သံဋ္ဌာနမှ စီစဉ်ညွန်ကြားသူတာဝန်ခံတဦး(ဒါရိုက်တာ)နှင့်ကင်မရာမင်း အပါအ၀င် အဖွဲ့ဝင်(၅)ဦးမှ ယခုနှစ်ဇန်န၀ါရီလ(၃)ရက်နေ့တွင် မိုးသောက်ကြယ် စာကြည့်တိုက်သို့ လာရောက်ရိုက်ကူးမည်ဖြစ်သည်။

ထိုသို့ရိုက်ကူးရာတွင် မိုးသောက်ကြယ်စာကြည့်တိုက်ဖြစ်ပေါ်လာပုံနှင့် တည်ထောင်ထား ရှိရသည့်ရွယ်ရည်ချက်များ၊ မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့မှ Volunteerလုပ်ငန်း လုပ်ဆောင်နေမှုများ၊ မိုးသောက်ကြယ်ဂျာနယ်ဖြန်ချိထုတ်ဝေမှုနေနှင့် လူမှုအကျိုးပြု လုပ်ဆောင်နေသည့်ကိစ္စရပ်များကိုပါ ရိုက်ကူးထုတ်လွှင့်သွားမည်ဟုသိရသည်။

မိုးသောက်ကြယ်ဂျာနယ်ထွက်ရှိမည့်ရက်တွင် ဂျာနယ်အဖွဲ့သားများနှင့်အတူ ဂျပန်နာ မည်ကြီးသရုပ်ဆောင်နှစ်ဦးမှ လာရောက်ဝိုင်းဝန်းကူညီ၍ စာအုပ်ချုပ်ပေးပုံတို့ကိုပါ အသေးစိပ်ရိုက်ကူးမည်ဖြစ်သည်။

ဆက်လက်၍ တာဝန်ခံနိုဇိုမိမှ "ဂျပန်လိုလူမှုစားရိတ်မြင့်မားပြီး အခက်ခဲတွေကြားထဲ ကနေ ဆယ်စုနှစ်တခုနီးပါး ရပ်တည်လာနိုင်ခဲ့တဲ့ မိုးသောက်ကြယ်စာကြည့်တိုက် အကြောင်းကို ဂျပန်လူမျိုးတွေကို ကျယ်ကျယ်ပြန့်ပြန့်သိစေချင်တယ်၊ ဒီလိုတိုင်းတပါး ရောက်နေတဲ့ မြန်မာလူမျိုးတွေကတောင် စာဖတ်ဖို့ကို ဒီလိုကြိုးစားနေတယ်ဆိုရင် ဂျပန် လူမျိုးတွေကိုလည်း ဘယ်လိုဘဲဖြစ်ဖြစ် စာဖတ်ဖို့သင့်တယ်ဆိုတဲ့ အသိပေးနိုင်ဖို့အတွက် ရိုက်ကူးမှာပါ"ဟု ရှင်းပြသည်။ အဆိုပါမှတ်တမ်းရုပ်ရှင်ကို လာမည်ဇန်န၀ါရီလ(၂၂)ရက်နေ့ ညနေ ၅ နာရီ မိနစ် ၂၀ တွင် NHK၏ ဒီဂျစ်တယ်လိုင်း BS-1 မှ မိနစ် ၂၀ တိတိ ထုတ်လွင့်ပြသမည်ဖြစ်ကြောင်းသိရသည်။

ယခင်ကလည်း မိုးသောက်ကြယ်စာကြည့်တိုက်သို့ Tokyo Television ကုမ္ပဏီတခုဖြစ် သော BS-12မှ ၂၀၀၉ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က ထုတ်လွှင့်ခဲ့ဖူးပြီး ဂျပန်အစိုးရပိုင် NHKအနေနှင့် ယခုလာရောက်ရိုက်ကူးမှုသည် ပထမဆုံးအကြိမ်ဖြစ်သည်။
Last Updated ( Saturday, 02 January 2010 15:51 )